ဟိုးရှေးရှေတုံးက တရုတ်ပြည်မှာ သစ်ပင်
အမြင့်မှာ ထိုင်ပြီး တရားကျင့်တဲ့
ဘုန်းကြီး တစ်ပါး ရှိတယ်။
လေကြမ်းလို့ မိုးပြင်းပါစေ ဘယ်ညာ
ယိမ်းထိုးနေတဲ့ သစ်ပင်မြင့်မှာ
ဘုန်းကြီးကတော့ သက်တောင့် သက်သာပဲ
နေရာယူပြီး တရား ကျင့်လေ့ ရှိတယ်။ ဒါကြောင့်
အနီးအနား ၀န်းကျင်ရွာက လူတွေက
ငှက်သိုက်ကိုယ်တော် ရယ်လို့ ခေါ်ဝေါ်သမုတ်
ကြတယ်။
ပတ်ဝန်းကျင်က ရွာသူရွာသားတွေ ဟာ ဘုန်းကြီး
တရားထိုင်တဲ့ သစ်ပင် အောက်ကနေ မကြာမကြာ
ဆိုသလိုပဲ သူ တို့ နေ့စဉ်ဓူဝ စားရေးသောက်ရေး
အတွက် အမဲလိုက်၊ ထင်းခွေရင်း ဖြတ်သွား
ဖြတ်လာ လုပ်လေ့ ရှိတာပေါ့။ တွေ့ဖန်
များလာတာနဲ့အမျှ လူအများဟာ
ငှက်သိုက်ကိုယ်တော်နဲ့ ရင်းနှီး ကျွမ်းဝင်
ရှိလာကြတယ်။ အချို့ သူတွေဆို အလုပ်
ခဏထားပြီး သူတို့ သိလိုတာကို မေးမြန်း
လျှောက်ထား လာကြတယ်။
ဘုန်းကြီးရဲ့ ဉာဏ်ပညာ အမြော်အမြင် နဲ့
မေတ္တာတရား ရှေ့ထား ဖြေရှင်းချက် တွေကြောင့်
လူအများရဲ့ ယုံကြည် ကိုးစား သဘောကျ
နှစ်ကြိုက်မှု နဲ့အတူ ငှက်သိုက်ကိုယ်တော်
ရဲ့ သတင်းဟာ ကျော်ကြား လာတယ်။
အချိန် ကြာလာတာနဲ့ အမျှ ကျော်ကြားမှုဟာ အနီး
ပတ်ဝန်းကျင် မက ပြည်နယ် တစ်ခုလုံး အထိ
ပျံ့နှံ့ တယ်။ အမြို့မြို့ အနယ်နယ်က လူတွေဟာ
ခရီးဝေးကို ခြေလျင် လျှောက်ပြီး
ငှက်သိုက်ကိုယ်တော်ရဲ့ အဆုံးအမ နဲ့
နည်းပေးလမ်းပြမှု ကို ခံယူ နာကြားဖို့
လာကြတယ်။ ပြည်နယ်ရဲ့ အကြီးအကဲ နယ်ပိုင်ကြီး
ကတောင် လောကရဲ့ အရေးအကြီးဆုံးသော
သူ့မေးခွန်း အတွက် ဘုန်းကြီးကို ချဉ်းကပ်
မေးမြန်းဖို့ ဆုံးဖြတ်တယ်။
နွေဦးကာလရဲ့ တစ်ခုသော နံနက်ခင်းမှာ
ငှက်သိုက်ကိုယ်တော် ရှိရာကို ရှာဖွေ
ဖူးတွေ့ဖို့ နယ်ပိုင်ကြီး ခရီး စတယ်။ ရက်
အတော်ကြာ ခရီးနှင် ပြီးမှပဲ ဘုန်းကြီးရှိရာ
တောနက်ထဲက သစ်ပင်ကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်တော့တယ်။
ဘုန်းကြီးကတော့ သစ်ပင်ရဲ့ အမြင့်ဆုံးသော
အကိုင်းမှာ တည်ငြိမ်စွာနဲ့ ရှိနေတယ်၊
ပူနွေးပြီး သာယာ ကြည်လင်လှတဲ့ ဂိမာန်ဦးမှာ
ကျေးငှက်တို့ရဲ့ တေးသီသံနဲ့ အတူပေါ့။
သစ်ပင်ပေါ်ကို မော့ကြည့်ပြီး နယ်ပိုင်ကြီးက
လှမ်းအော်လိုက်တယ်
“ငှက်သိုက်ကိုယ်တော်ဘုရား ကျွန်ုပ်ဟာ
ဒီပြည်နယ်ရဲ့ အကြီးအကဲပါ၊
ခရီးဝေးကနေ ကိုယ်တော့်ဆီ
မေးမြန်းလျှောက်ထားဖို့ ရောက်လာခဲ့ပါတယ်။
ကျွန်ုပ်မှာ အရေးအကြီးဆုံး သော
မေးခွန်းရှိပါတယ်။”
ခွန်တုံ့ပြန်ဆိုသံကို စောင့်ပေမယ့် လေပြည်
လေညင်းတို့ အသုတ်မှာ မြည်လာတဲ့
သစ်ရွက်တို့ရဲ့ ထိခပ်သံ ငြိမ့်ငြိမ့်ကိုသာ
နယ်ပိုင်ကြီး ကြားရတယ်။ ဒီတော့
နယ်ပိုင်ကြီးက ဆက်တယ်
“ကျွန်ုပ်ရဲ့ မေးခွန်းကတော့ ပညာရှိ
အားလုံးရဲ့ သင်ပြဆုံးမ ထားသမျှမှ
အကောင်းတကာ့ အကောင်းဆုံး အမြင့်မြတ်ဆုံး
အခမ်းနားဆုံးသော၊
ဗုဒ္ဓရဲ့ ဆုံးမစကားများထဲမှ
အရေးအကြီးဆုံးကို သိလိုပါတယ်။”
စကားပြန် မကြားရပဲ အတော်ကြာ သစ်ရွက်သံ
ငြိမ့်ငြိမ့်လေးသာ ပတ်ဝန်းကျင်ကို
လွှမ်းမိုးထားတယ်။
နောက်ဆုံး ဘုန်းကြီးဆီက သစ်ပင်အောက်ကို
စကားပြန်တယ်
“ နယ်ပိုင်ကြီး မေးခွန်းရဲ့ အဖြေကတော့
မကောင်းမှု မှန်သမျှ ပယ်ပါ၊
ကောင်းမှု မှန်သမျှ တွယ်ပါ လို့ ဗုဒ္ဓက
မိန့်မြွက်ဆုံးမခဲ့ပါတယ်။”
ရိုးစင်းလွန်းတဲ့ အဖြေကို ကြားရင်ပဲ
နယ်ပိုင်ကြီးဟာ ပင်ပင်ပမ်းပမ်းနဲ့
နှစ်ရက်ကြာ လာခဲ့ရတဲ့ ခရီးနဲ့ မတန်လိုက်တာ
ငါ့ အချိန်တွေ အလကား ကုန်တယ်ဆိုပြီး
စိတ်လဲဆိုး တော်တော်လည်း ကသိကအောက်
ဖြစ်သွားတာပေါ့။ ဒီတော့ စိတ်ပေါက်ပေါက်နဲ့
“မကောင်းမှုပယ်၊ ကောင်းမှုတွယ် ဒါတော့
ကျွန်ုပ် သုံးနှစ်သားကတည်းက သိတာပေါ့၊
ကိုယ်တော်ပြောမှလား”
လို့ ဆောင့်ဆောင့်
အောင့်အောင့်နဲ့ဆိုလိုက်တယ်။
ဒီတော့ သစ်ပင် အမြင့်ကနေ့
ငှက်သိုက်ကိုယ်တော်က ငုံကြည့်ပြီး
ညင်ညင်သာသာ ပြုံးရင်း မိန့်ကြားလိုက်တယ်
“သိပ်မှန်ပါတယ် သုံးနှစ်သား
ကလေးငယ်တောင် သိပါတယ်၊ ဒါပေမယ့်
အသက် ရှစ်ဆယ်ကျော်တွေတောင်မှ ဒီအဆုံးအမ
အတိုင်း ကျင့်ကြံဖို့ သိပ်ကိုခက်ခဲ
နေကြပါတယ်” တဲ့။ ။
NOTE:
Kindness: A Treasury of
Buddhist Wisdom for Children and Parents မှ Birdnest
Collected and adapted by Sarah Conover ကိုဘာသာပြန်ဆိုပါသည်။