Skip to content

ချစ်သူ .... ခံစားနားထောင်စေချင်မိသော၊ အိပ်ယာဝင်ပုံပြင်များ

အခန်း ( ခုနှစ် )။
အခန်း ( ခုနှစ် )။

ဆံပင်ကလေးကိုတိုတို သပ်သပ်ရပ်ရပ်ကလေးညှပ်လို့၊ ရှပ်အကျီလက်ရှည်၊ ပုဆိုးကွက်စိပ်ကလေးနဲ့ ကျွန်တော်ရှေ့မှာ လာရပ်နေတဲ့ကလေးကို တွေတွေလေး ငေးကြည့်နေမိတယ်။
အတန်ကြာအောင် ကျွန်တော် သူ့ကိုကြည့်နေပြီးကာမှ "ကဲ သားရေ..ကားပေါ်ရောက်မှ ဦးကားမောင်းရင်း သားကိုအပ်ပေးမယ့် စီးပွါးရေးလုပ်ငန်းစုပိုင်ရှင် ဦးအစ်မလိုနေတဲ့သူအကြောင်းကို ပြောပြပါ့ မယ်။"
"သား စိတ်ဝင်စားတယ် ဦး။"

ကားပေါ်ရောက်တော့ ကျွန်တော် ကားမောင်းနေရင်းကနေပဲ တိုတိုနဲ့လိုရင်းကို ပြောပြလိုက်ပါတော့တယ်။

"ဒီလိုကွ..ဦးအစ်မလိုဖြစ်ခဲ့ရတာက ဦးကြည်ညိုလေးစား ကိုးကွယ်တဲ့ ဘုန်းတော်ကြီးကျောင်းမှာ ဆုံဖြစ်ရင်းကပါ။ သူနဲ့ဦး အတော်ရင်းနှီလာတော့ ဆရာတော်က ခဏခဏပဲ သူ့ကိုချီးမွမ်းတယ်။ ဘာကြောင့် ချီးမွမ်းးရတာလဲလို့ ဦးက တိုက်ရိုက်ပဲ သူ့ကိုမေးလိုက်ပါတော့တယ်။
သူ စီးပွါးရေး စထူထောင်ခဲ့ပုံက အညာတောရွာကလေးကနေ မြို့ကိုယောင်လည်လည်နဲ့ တက်လာရင်းက အဝတ်တစ်ထည် ကိုယ်တစ်ခုပါပဲ။ ဒါပေမယ့် ရွှေလက်စွပ်ကလေးတစ်ကွင်းတော့ ပါလာခဲ့တယ်။ တည်းစရာ ခိုစရာကလည်း ဆွေမရှိမျိုးမရှိ၊ အသိအကျွမ်းမရှိနဲ့မို့ နောက်ဆုံးမှာ ဦးရောသူရော ခု ကိုးကွယ်တဲ့ ဆရာတော်ထံ ရောက်လာပြီး တည်းခိုခွင့်တောင်းခဲ့ရတယ်။ ဆရာတော်ကလည်း သူ့ကျောင်းဝင်းထဲမှာရှိတဲ့ ယောဂီမကြီးတစ်ဦးတည်း သီတင်းသုံးနေထိုင်နေတဲ့ ကျောင်းကလေးဆီကို လက်ညှိုးညွှန်ပြလိုက်ပြီး ယောဂီမကြီးထံအပ်ပေးခဲ့တယ်။

ဒီတော့ ဒီကျောင်းကလေးမှာ သူနေပြီး ကြုံရာ ရာသီပေါ်အသီးအနှံလေးတွေကို ရောင်းပြီးစီးပွား စရှာဖို့ သူ့လက်စွပ်ကလေးကို ရောင်းခဲ့ရရှာတယ်သား။ ဒီရွှေလက်စွပ်ကလေးရဲ့ ရောင်းရငွေတန်ဖိုးက အဲဒီခေတ် အဲဒီအခါက ငွေကျပ်ငါးရာပဲ ရခဲ့တယ်။ ဒီငွေကလေးနဲ့ စပြီး စီးပွားရှာခဲ့တာ၊ ခု အထင်အရှားဆုံး စီးပွားရေးလုပ်ငန်းစု ပိုင်ရှင်ကြီးပေါ့။"

ကားကလေးကို ကျွန်တော် မောင်းလာရင်းကနေ ခြံဝင်းကျယ်ကြီးရဲ့ တံခါးထိပ်ကိုရောက်လာခဲ့ပါပြီ။
ကျွန်တော် ကိုယ်တိုင်ပဲ ဖုန်းကြိုဆက်ပြီးသားမို့ ခြံဝင်းကြီးကို တာဝန်ယူထားတဲ့ဝန်ထမ်းက တံခါးကို အသင့် ဖွင့်ပေးလိုက်ပါတယ်။
ခေတ်မီသပ်ရပ်တဲ့ တိုင်ကြီးထဲကို လှမ်းအဝင်မှာပဲ မာနတရားမရှိ၊ အမြဲတမ်းအေးမြတဲ့ အပြုံးတစ်စုံနဲ့ကြိုနေတဲ့ အစ်မကိုတွေ့လိုက်ရပါတော့တယ်။

"အစ်မရေ..ကျွန်တော် ပြောပြထားတဲ့ ကလေးက သူလေးပဲ အစ်မ။ အစ်မကို အပ်ပြီနော်...။ အစ်မကတော့ သိနေလောက်ပါပြီ၊ ကျွန်တော် ဒီကလေးကို ဘယ်လို ပုံသွင်းခဲ့ပြီလဲဆိုတာ။ ဒါပေမယ့် မပြည့်စုံနိုင်သေးပါဘူး အစ်မ။ အစ်မလက်ကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ လာတဲ့ ကလေးကို....။

အစ်မက ပြုံးပြီး ကျွန်တော့်စကားမဆုံးခင်မှာပဲ "လင်းကြီးရယ်.... ဘယ်တော့မှ ကိုယ့်အတွက် အခွင့်အရေးမယူတတ်ပဲ အမြဲတမ်းကြုံရင်ကြုံသလို ကူညီပေးတတ်တဲ့ စိတ်ကိုတော့ အစ်မက ပံ့ပိုးကူညီပေးမှာပါ။ စိတ်အေးအေးသာထားပြီး ကလေးကို ထားခဲ့ပေတော့။ ဒီကလေးအတွက် နေစရာအခန်းလည်း အစ်မ စီစဉ်ပေးထားပြီးပါပြီ။ နောက်နေ့တွေမှာ သူ့ကို အစ်မရဲ့လုပ်ငန်းခွင်က မန်နေဂျာနဲ့အပ်ပေးပြီး အလုပ်ပေးသင်မှာပါ။ ဒါနဲ့ အစ်မ ဒီလောက်ပြည့်စုံနေတာတောင် လင်းကြီးက....။"

" အစ်မ ...ဟိုးထားနော်၊ ကလေးရှေ့မှာ...။ "

ဘုန်းတော်ကြီးကျောင်းမှာ စတွေ့စ ကတည်းက သူမ သူ့ကို စိတ်ဝင်စားခဲ့တာ၊ သူမဘေးမှာ ကမ်းလှမ်းသူတွေ ရှိပါလျှက်နဲ့ပဲ အခုလို အပျိုကြီးဘဝနဲ့နေပြီး စီးပွါးရေး ဦးဆောင်ဦးရွက်လုပ်နေတာ၊ ဒါတွေ သူသိတာပေါ့။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ အစ်မတစ်ယောက်လိုသာ ရှိနေတုန်းပါပဲလေ။

စိတ်ချယုံကြည်စွာ လူငယ်ကလေးကို အပ်ခဲ့ပြီးချိန်မှာတော့ အစ်မကိုရော လူငယ်လေးကိုပါ နှုတ်ဆက် ထွက်ခွါလာခဲ့ပါတော့တယ်။

* - * - * - * - * - * - * - * - *- * - * - * -* - * - * * - * - * - * - * - * - * * - * - * - *

Trackbacks

No Trackbacks

Comments

Display comments as Linear | Threaded

No comments

Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.

The author does not allow comments to this entry

Add Comment

BBCode format allowed
Standard emoticons like :-) and ;-) are converted to images.
E-Mail addresses will not be displayed and will only be used for E-Mail notifications.
Form options