စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ဘ၀... (၂)
ဒီနေ့ဟာ ကျွန်မရဲ့အင်မတန်ကံကောင်းသောနေ့တစ်နေ့ပါ။
တကယ်လို့များ ဒီအကြောင်းအရာကို အိမ်ထောင်ကျပြီးမှ သိရမယ်ဆိုရင် ဘယ်လောက်ကြေကွဲဖို့ကောင်းလိုက်မလဲ။
ကျွန်မရဲ့ဆုံးဖြတ်ချက်ကို လုံးဝပီပြင်ပြတ်သားစေခဲ့ပါတယ်။
လွမ်းအောင်ဖွဲ့ရရင်တော့ လွမ်းစရာအများကြီးပဲ။

(ဒီ "စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ဘ၀"ဇာတ်လမ်းကို ကျွန်မထင်ထားတာထက် ပိုစောပြီးအဆုံးသတ်နိုင်ခဲ့တယ်)
ဒီနေ့ဟာ ကျွန်မရဲ့အင်မတန်ကံကောင်းသောနေ့တစ်နေ့ပါ။ တကယ်လို့များ ဒီအကြောင်းအရာကို အိမ်ထောင်ကျပြီးမှ သိရမယ်ဆိုရင် ဘယ်လောက်ကြေကွဲဖို့ကောင်းလိုက်မလဲ။ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို လုံးဝပီပြင်ပြတ်သားစေခဲ့ပါတယ်။
ယောက်ျားတစ်ယောက်အကြောင်းကို ဖွဲ့နွဲ့စာစီပြီးမရေးချင်သေးပါဘူး။ Mood လာတဲ့အချိန် ဒါမှမဟုတ် တော်တော်လေး တည်ငြိမ်ရင့်ကျက်လို့ feeling ဦးစားမပေးဘဲ အကြောင်းအရာသက်သက်ကို လိပ်ပြာသန့်သန့်ပြောနိုင်တဲ့အခါကျမှ အဲဒီအကြောင်းရေးတာပေါ့။ အခုတော့ အတိုချုပ်လေးပဲပြောပါရစေ။
သူနဲ့ရင်းနှီးသွားတာက ၁နှစ်လောက်အနီးကပ်အတူနေ အတူပေါင်းလာတဲ့ သူငယ်ချင်းနဲ့ပတ်သက်ပြီးတော့ပါ။ အဲဒီသူငယ်ချင်းနာမည်က "ဆွေ" လို့ပဲထားပါတော့။ ဆွေ က အဲဒီအစ်ကို Junior လေ။ သူတို့က တော်တော်ခင်ကြတယ်။ မောင်နှမအရင်းတွေလိုပဲ။
ဒီနေရာမှာ ဆွေ့အကြောင်းတော့ပြောပြချင်တယ်။ ဆွေက ကျွန်မထက် ၂နှစ်ကျော်ငယ်တယ်။ ဒါပေမယ့် ကျွန်မတို့ သူငယ်ချင်းလိုပဲခင်ကြတယ်၊ တစ်အိမ်တည်း အတူတူနေကြတယ်။ အပေါင်းအသင်းနည်းပြီး ယောက်ျားလေးတွေအကြောင်း တော်ရုံတန်ရုံတွတ်မထိုးတတ်တဲ့ကျွန်မ အနေနဲ့ ဆွေက ဆရာကြီးပဲ။ သူက စာဖတ်များတယ်၊ လက်တွေ့ဘ၀မှာလည်း ပတ်ဝန်းကျင်မှာ တွေ့ခဲ့ဖူးတဲ့အတွက် ဗဟုသုတစုံပါတယ်။ သူပြောပြမှ တော်တော်များများကို သိရတာ။ တခါကဆို ကျွန်မက "နင်က ယောက်ျားတွေကို အဆိုးမြင်နေတာကိုး၊ ငါ့ပတ်ဝန်းကျင်မှာ ငါတွေ့ဖူးတဲ့သူတွေက နင်ပြောသလောက်မဆိုးပါဘူး"လို့ ဆွေ့ကိုခံငြင်းတာ ဆွေနဲ့ကျွန်မ အခြေအတင်ပြောရင်း ငြင်းခုန်ရင်းက "နင့်ကို အထင်မကြီးဘူး"လို့ စကားတစ်ခွန်းပြောမိလို့ ကျွန်မ ဆွေ့ကို စိတ်ဆိုးခဲ့ဖူးပါတယ်။ အဲလို ယောက်ျားတွေအကြောင်း နပ်နေတဲ့သူငယ်ချင်းဆီမှာ အရမ်းခင်တဲ့ သူငယ်ချင်း Senior တစ်ယောက်ရှိပါတယ်။ (ယောက်ျားအကြောင်းနပ်တယ်ဆိုလို့ ကျွန်မသူငယ်ချင်း ဆွေ ကိုအထင်မလွဲပါနဲ့။ သူ့မှာ ရည်းစားလည်းမရှိပါဘူး ၊ chatting နဲ့လည်း မကြူတတ်ပါဘူး။ စီးပွားရေးသမားဆိုတော့ ပိုနှံ့စပ်ပြီး သူ့အမျိုးထဲမှာ ကြုံခဲ့ရဖူးလို့ပါ။) သူတို့သူငယ်ချင်းမောင်နှမ နှစ်ယောက် online မှာ မကြာမကြာစကားပြောကြပေမယ့် ကျွန်မနဲ့ သူ့ Senior ကို တစ်ခါမှ မိတ်မဆက်ပေးဖူးပါဘူး။ ကျွန်မ စကားကောင်းကောင်းပြန်မပြောရင် ဆွေပဲ နှစ်ယောက်စလုံးနဲ့ မျက်နှာပျက်ရမှာလေ။
အသေးစိတ်ပြန်မပြောချင်တော့တာ သည်းခံပါ။ ကျွန်မတို့ အပြင်မှာ တခါတွေ့ဖူးတယ်၊ စကားတော့ မပြောဖူးပါဘူး။ နောက် online မှာခင်သွားတယ်။
ရန်ကုန်က ဈေးကြီးတစ်ဈေးမီးလောင်ပြီး နောက်ပိုင်းမှာပေါ့။ ကျွန်မတို့နှစ်ယောက်လုံးရဲ့ မိဘတွေက အဲဒီဈေးမှာ ဆိုင်ဖွင့်ကြတယ်။
အဲဒီအစ်ကိုနဲ့ online မှာ chat ရင် သူ့ကို bro. လို့ပဲခေါ်တယ်၊ brother ပေါ့၊ အရှင်းဆုံးပုံစံပါ။
bro.က ကျွန်မကြိုက်တတ်တဲ့ ကိုရီးယားမင်းသားပုံစံမျိုး Romantic ဆန်ဆန်တော့ မဟုတ်ဘူး။ လက်တွေ့ဆန်တယ်၊ (လက်တွေ့ဆန်မှာပေါ့ ၊ သူကြိုက်တဲ့သူနဲ့လွဲခဲ့ဖူးတာကိုး)
bro.နဲ့ ခင်သွားတယ်ဆိုတာလည်း သူက ကျွန်မနဲ့တော်တော်များများ အကျင့်စရိုက်တူတယ်လေ။ လေးစားလောက်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။ မိဘရိုသေတတ်တာ၊ တာဝန်ယူစိတ်ရှိတာက အစ၊ ရုပ်ရည်အပါအ၀င်ပေါ့။ စကားပြောရင် ဘယ်တော့မှ စည်းလွတ်ဝါးလွတ်မပြောတတ်ဘူး။ သူနဲ့စကားအများကြီးပြောပေမယ့် ကျွန်မအရမ်းမုန်းတဲ့ ကြူတဲ့လေသံ တစ်ခါမှမပါဖူးဘူး။ (အလွန်ဆုံး ကျွန်တော့ကို ကြိုက်မယ့်သူမရှိပါဘူး ဆိုတာလောက်ပဲ) ကျွန်မ အသိအမှတ်ပြု လက်ခံနိုင်တဲ့သူ တစ်ယောက်ပါ။ (ကိုယ်တိုင်ကဘာမှ မဟုတ်ပေမယ့် ကျွန်မ ဘယ်လောက် ဂျီးများတယ်ဆိုတာ ဆွေကသိလွန်းတော့ နင်တစ်နေ့ကျရင် ဘယ်လိုလူမျိုးကို ကြိုက်မလဲလို့ ငါစောင့်ကြည့်မယ်ဆိုပဲ) ကျွန်မယုံကြည်ခဲ့တာက သူလိုလူမျိုးဟာ ကျွန်မနဲ့စကားအများကြီးစပြောတုန်းက ကျွန်မတွေးသလိုပဲ သူတွေးလိမ့်မယ်၊ ကျွန်မကို အသိအမှတ်ပြု လက်ခံနိုင်တဲ့သူတစ်ယောက်အနေနဲ့ပေါ့။ မဟုတ်ရင် ဒီလောက် စကားအများကြီးပြောပြီး ကိုယ့်အကြောင်းကို ပြောပြမှာမဟုတ်ဘူး။
အချိန်တိုအတွင်းမှာ bro. ဟာ ကျွန်မရဲ့အရင်းနှီးဆုံး ယောက်ျားလေးမိတ်ဆွေဖြစ်ခဲ့ပါတယ်။ အဲဒါ သူကိုယ်တိုင်မသိပါဘူး၊ ကျွန်မရဲ့အတိုင်းအတာကို ကျွန်မ မပြောရင် သူဘယ်သိမလဲ။ ဒါပေမယ့် အိမ်ထောင်ပြု မပြုမသေချာသေးဘူးဆိုတဲ့အကြောင်းတော့ ပြောဖြစ်တယ်။ ကျွန်မက ကိုယ်တကယ့်ကို အရမ်းကြိုက်မှ အိမ်ထောင်ပြုမယ့်သူလေ။ အိမ်ထောင်မပြုသင့်ဘူးလို့ ကျွန်မကို အချစ်ဆုံး မိတ်ဆွေအန်တီတစ်ယောက်က သူ့သမီးကိုဆုံးမတဲ့အတိုင်းဆုံးမဖူးတယ်။ နောက်ပြီး ကျွန်မကို သိပ်ချစ်တဲ့ လူငယ်စုံတွဲဇနီးမောင်နှံကလည်း ကျွန်မ အိမ်ထောင်ပြုမှာကို သိပ်နှမြောတယ်ဆိုပြီး သူတို့အချင်းချင်းရှေ့တင် ဖြစ်နိုင်ရင်မပြုဖို့ပြောဖူးတယ်။ နောက်တစ်ယောက်ကတော့ ဓမ္မနယ်ပယ်က အနီးကပ်အသေးစိတ်သွန်သင်ဆုံးမတတ်တဲ့ ဆရာတစ်ယောက်ပါ။ (ကိုယ်တိုင်တရားအားထုတ်လို့သိတဲ့ အသိကတော့ မပြောပလောက်တဲ့အတွက် ထားပါတော့လေ) ကျွန်မနေခဲ့တဲ့ ပတ်ဝန်းကျင်၊ လုပ်ခဲ့တဲ့အလုပ်တွေကို မပြောတော့ပါဘူး၊ သေချာတာက ဒီလောက်အနေအထားနဲ့နေခဲ့တဲ့ကျွန်မဟာ အခုချိန်ထိ အိမ်ထောင်မပြုဖို့ ရဲရဲမဆုံးဖြတ်ထားတာကိုက နည်းနည်းတော့လွန်နေပါပြီ။ အားလုံးသိတဲ့အတိုင်း
ကျွန်မက ဒရမ်မာကားဒီလောက်ကြိုက်တာ၊ Romantic ဆန်ဆန် ဖူးစာမျိုးတွေ့ရင် ယူမယ်လို့ကို နောက်ပြီးပြောဖူးပါတယ်။ ကိုယ်တိုင်က ဂျီးများလွန်းလို့ သ၀န်တိုတတ်လွန်း Sensitive ဖြစ်လွန်းလို့ လက်တွေ့မှာ ၈၀ရာခိုင်နှုန်းမဖြစ်နိုင်ဘူးဆိုတာ သိပြီးသားပါ။ အကောင်းဆုံးက အဲဒီဖူးစာရှင်နဲ့မတွေ့ဖို့ပဲ၊ မတွေ့ရင် အိမ်ထောင်လည်း မပြုဖြစ်တော့ဘူးပေါ့။ အဲဒီအကြောင်းကို bro. ကို အနည်းအကျဉ်းပြောပြခဲ့ဖူးတယ်။
.... အရင်က ကျွန်မ online တက်ရင် အမြဲ invisible လုပ်ထားလေ့ရှိတယ်၊ chatting သိပ်မပြောချင်လို့။
.... ကျွန်မနဲ့ chatting ပြောတတ်တဲ့အမျိုးသားတွေဆိုလို့ အိမ်ထောင်ရှိတဲ့အစ်ကို၂ယောက်ရယ်၊ girlfriend ရှိတဲ့ ကိုယ့်မောင်အရွယ်သူငယ်ချင်း တစ်ယောက်ရယ်၊ ဓမ္မမိတ်ဆွေ ဦးလေးအရွယ် Senior တစ်ယောက်ရယ် ဒါပဲရှိတယ်။ တခြားသူတွေဆိုရင်တော့ greeting လုပ်ရင် ပြန်နှုတ်ဆက်တယ်၊ တခွန်းမေးမှတခွန်းဖြေတယ်၊ အဲဒီတော့ စကား ၁၀ခွန်းထက်ပိုတာ တော်တော်ရှားတယ်။ ကျွန်မသာ သူနဲ့ဒီလောက် chatting ပြောမှန်းသိရင် ဆွေ က စမှာသေချာတယ်။ ကျွန်မအကြောင်းသိတာကိုး။
ဒီနေ့ online မှာ ဆွေနဲ့စကားပြောဖြစ်တော့ ဆွေက သူ့bro. က လူပျိုကြီးပဲလုပ်မှာလို့ အကြောင်းတိုက်ဆိုင်ပြီးပြောပြတယ်။ ကျွန်မကတော့ ဟုတ်လို့လား လို့ပြန်မေးမိတယ် ဆွေ့ ကို။ bro.လူပျိုကြီးလုပ်မယ်လို့ ကျွန်မကိုမှ မပြောဖူးတာ။ နောက်တော့ ဆွေက ဆက်ပြောတယ် သူ့ bro. က သနားပါတယ်တဲ့။ အစ်မကြီးတစ်ယောက်ကို လိုက်ဖူးတယ်တဲ့။ သူက အရမ်းကြိုက်ပေမယ့် ဟိုက ပြန်မကြိုက်ဘူးဆိုပဲ။
ကျွန်မ လက်ခံနိုင်တဲ့စာရင်းထဲမှာ သူမပါနိုင်တော့ဘူး။ အတ္တကြီးတယ်ပြောပြော၊ သ၀န်တိုတယ်ပြောပြော တခြားလူတစ်ယောက်ကို အသည်းအသန်ကြိုက်ဖူးတဲ့သူ တစ်ယောက်ကို ဘယ်နည်းနဲ့မှ သဘောထားမကြီးနိုင် မကြည်ဖြူနိုင်ပါဘူး။
ကျွန်မဘက်က အစတည်းက "ယုံကြည်မှု"နဲ့စခဲ့တာ၊ အခုတော့ အဲဒီ "ယုံကြည်မှု"တွေပျောက်ဆုံးသွားချိန်မှာ ခင်ဖို့ကောင်းတဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ အဆုံးသတ်နိုင်ပါမယ်။ လူတစ်ယောက်ကို ခုချိန်ထိ လွယ်လွယ်မချစ်ခဲ့ မကြိုက်ခဲ့တာ အတော်ခံသာပါတယ်။ အခုဟာက လက်တွေ့ဆန်တဲ့ အင်မတန်ယုံကြည်တဲ့သူတစ်ယောက် အနေအထားပါ။
ပညာရှိတဲ့မိန်းမတစ်ယောက်လို့ကိုယ့်ကိုကိုယ် ကင်ပွန်းမတပ်ရဲပါဘူး၊ ဒါပေမယ့် ကျွန်မ အင်မတန် အရှောင်အတိမ်းပါးနပ်ပါတယ်။ bro. အပေါ်မှာ အိမ်ထောင်ဘက်ဖြစ်နိုင်မနိုင် စဉ်းစားခဲ့ဖူးတာ ကျွန်မနဲ့ စာဖတ်သူများကလွဲရင် ဘယ်သူမှသေချာမသိပါဘူး။ bro.
နဲ့ခင်တဲ့တောက်လျှောက်မှာ ကျွန်မရဲ့Personal ဓာတ်ပုံ သူ့မှာမရှိပါဘူး။ ဆွေနဲ့ရိုက်ထားတဲ့ ဓာတ်ပုံမျိုးတော့ ရှိမှာပေါ့။ Online ပေါ်က Photo Editing Software နဲ့အပျော်ကလိထားတဲ့ပုံကိုပို့ရင်တောင် မူရင်းပုံ မပို့ဖူးဘူး။ Facebook မှာများ ကျွန်မပုံ တက်ရှာရင် မောသွားမယ်။ လူပုံမရှိဘူး ကျွန်မ Account ထဲမှာ။ ကျွန်မရဲ့အနေအထိုင်ပိရိ သေသပ်မှုဟာ ကျွန်မရဲ့ဂုဏ်သိက္ခာကို အပြည့်အ၀ကာကွယ်ပေးပါလိမ့်မယ်။
အိနြေ္ဒကြီးစွာ ကိုယ့်ကိုကိုယ်စည်းချပြီးနေခဲ့တဲ့ကျွန်မဟာ ယောက်ျားတစ်ယောက်ကို ကြိုက်လွန်းလို့ (သို့မဟုတ် ယုံကြည်လို့) မပြုသင့်မှန်း သေချာသိလျက်နဲ့ အိမ်ထောင်ပြုခဲ့မယ်ဆိုရင် ကျွန်မတော်တော်လွန်နေပြီ။ အဲဒီသူဟာ ကျွန်မကိုတကယ်မကြိုက်တဲ့သူဆိုရင် ပြောဖွယ်ရာစကား ရှိတော့မယ် မထင်ပါဘူး။
တကယ်တော့ သေချာပြန်တွေးရင် bro. မှာအပြစ်မရှိပါဘူး။ ကျွန်မကပဲ ကိုယ့်မာနကိုထိခိုက်တယ်ခံစားရတာပါ။ သူ့ဘက်ကကြည့်ရင် ရိုးရိုးသားသားခင်တာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ခက်တာက သူနဲ့ရိုးရိုးသားသားခင်ဖို့ကိုတောင် ကျွန်မဘက်က တော်တော်လေး စည်းတွေဘောင်တွေကို ဖျက်ထားရတာပါ။ ဘယ်သူမှ မသိနိုင်ပါဘူး။ ပြောပြဖို့လည်း ဆန္ဒမရှိဘူး။ ပတ်ဝန်းကျင်က ဘယ်သူမှ မသိလေကောင်းလေပဲ။
ကျွန်မကို ပျော်မြူးခွင့်မပေးခဲ့တာကိုက ကျွန်မအရမ်းကံကောင်းတာပါ။
ကိလေသာတောထဲရောက်သွားရင် ဘယ်လိုမှရုန်းထွက်နိုင်မှာမဟုတ်ဘူးဆိုတာ အစောကတည်းက တွက်မိပြီးသားလေ။ ဒါကြောင့် မတွေ့ပါစေနဲ့လို့ အတန်တန်ပြောခဲ့တာ။
ဟုတ်ပါတယ်၊ ဒီလောက်တော့ အတွေ့အကြုံရှိ ခံစားဖူးမှ နားလည်မှာ။
နို့မဟုတ်ရင် တုံးတုံးအအ ဘာမှအတွေ့အကြုံမရှိဘဲ အပျိုကြီး အသက်ကြီးလို့ စိတ်မခိုင်တော့မှ ဒီထက် သာပြီးဆိုးမှာ။
ကွက်တိပါပဲလေ။ ဘယ်ဘ၀က ပါရမီတွေလည်းမသိပါဘူး။ လွမ်းအောင်ဖွဲ့ရရင်တော့ လွမ်းစရာအများကြီးပဲ။ ဒါပေမယ့် ကိုယ်မဖြတ်နိုင်တဲ့ကိလေသာကို တိကနဲ ဇာတ်လမ်းဖြတ်ပေးလိုက်တာ ဘယ်လောက်များ ကုသိုလ်ထူးပါသလဲ။

Trackbacks
Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.
The author does not allow comments to this entry
Comments
Display comments as Linear | Threaded
kom on :
aye on :
thiha on :
Ainmat... on :
fullmoon on :
နားလည်အောင်လဲ မရေးဘူး