Skip to content

ကျွန်တော် အိမ်ပွဲစား (၄)

ဒီတခါတော့ အမေရိကားမှာ ဖြစ်ပျက်နေတဲ့ Foreclosure နဲ့ Short Sale ဆိုတာတွေ အကြောင်း ပြောပြချင်ပါတယ်။
ကျွန်တော် အိမ်ပွဲစား (၄)
အခုလက်ရှိ အမေရိကားမှာ အိမ်ဈေးတွေ ပြုတ်ကျရတဲ့ အကြောင်းရင်း ကတော့ လောဘလို့ မြင်မိပါတယ်။ ဘဏ်တွေ ကလည်း အတိုးလိုချင်တော့ ပိုက်ဆံကို သေချာ မစီစစ်ပဲ ချေးငှားကြတယ်။ အိမ် ၀ယ်တဲ့ သူများကလည်း အိမ်ဈေးတွေ တတ်နေတာ၊ အခု မတတ်နိုင်လို့ ဆိုပြီး မ၀ယ်ရင် အရှုံးပဲ ဆိုပြီး မပေးနိုင် လောက်မှာကို သိရက်နဲ့ ၀ယ်ကျ၊ နောက်ပြီး loan officer တွေ၊ ပွဲစားတွေ ကလည်း ပွဲဖြစ်အောင် ၀ိုင်းကူ ပေးလိုက် ကြတာပေါ့။ အဆင် ပြေစဉ်တုံးကတော့ အားလုံး ပြုံးပြုံးနဲ့ ပေါ့ဗျာ။ အခုတော့လည်း ရှုံးရှုံး နဲ့ပေါ့။ အိမ်ဝယ်ပြီး မပေးနိုင်တဲ့သူတွေ၊ ဘဏ်တွေပဲ နစ်နာတယ်လို့ အများစုက ထင်ကြပါတယ်။ တကယ်တော့ တပြည်လုံး အတိုင်းအတာနဲ့ နာကြတာပါ။ သိကြတဲ့ အတိုင်း အမေရိကန် အစိုးရဟာ အခွန်အတုတ်နဲ့ လူလုပ် နေတာပါ။ အိမ်ဈေးကွက်၊ စတော့ ဈေးကွက်တွေ ပျက်တော့ အဲဒီ အပေါ်မှာ ရနေကျ အခွန်အတုတ်တွေ မရ၊ အိမ်တွေ ဈေးကျတော့ property tax တွေ ရသင့် သလောက် မရ၊ ဖြစ်ကုန်တော့ တာပေါ့၊ ဒီကြားထဲ Iraq War ကလည်း အခွန်အတုတ် တွေကို ၀ါးစား ပစ်လိုက်တော့ ပြည်တွင်းမှာ ပုံမှန် လည်ပတ်ရမယ့် Budget တွေမှာ လျှော့လိုက်ရတာပေါ့။ ရဲများ ကလည်း လိုအပ်နေတဲ့ Budget ကို traffic ticket တွေနဲ့ ဖြည့်စည်းဖို့ ကြိုးစား လာပါတယ်။ ကျောင်းတွေမှာလည်း ဆရာတွေ လျှော့၊ ကျောင်းတချို့ဆို ပိတ်လိုက်ရတဲ့ အထိ ဖြစ်ကုန်ပါတယ်။ လမ်းတွေ၊ တံတားတွေ ဆောက်ဖို့ စီမံကိန်းတွေ မှာလည်း Budget မကျလို့ နောက်ကျနေတာတွေ အများကြီး ဖြစ်လာပါတယ်။ အိမ် အပါအ၀င် ဆောက်လုပ်ရေး လုပ်ငန်းတွေ နှေးကွေးတဲ့ အကျိုးဆက် အဖြစ် အလုပ်သမားတွေ အလုပ် ပြုတ်ကုန် ပါတယ်။ လူတွေမှာ ဖြုန်းစရာ ပိုက်ဆံ အပိုရယ်လို့ မရှိတဲ့အတွက် လည်ပတ်ခြင်း၊ စားသောက်ခြင်း၊ ပစ္စည်း ၀ယ်ယူခြင်းတွေ ကျသွားပါတယ်။ အဲဒါနဲ့ ဆက်နွယ်ပြီး စတိုးဆိုင်ကြီးတွေ ဒေ၀ါလီခံခြင်း၊ အလုပ်သမားများ အလုပ်ပြုတ်ခြင်း စတဲ့ အကျိုးဆက်တွေ ခံစားရပါတယ်။ မော်တော်ကား များလည်း မရောင်းရတဲ့ အတွက် အမေရိကန် နာမည်ကြီး ကားထုတ်လုပ်ရေး ကုမ္မဏီ တခုက အလုပ်သမားများ သောင်းနဲ့ ချီပြီး အလုပ် လက်မဲ့ ဖြစ်ခဲ့ ရပါတယ်။ ဒီထက်လည်း အများကြီး ရှိပါသေးတယ်။ သို့သော်လည်း ပြောချင်တာနဲ့ သွေဖီ နေပြီမို့လို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။

ကိုင်း… Short Sale ဆိုတာ ဘာလဲ။ အဲဒါကို pre-foreclosure လို့ ဆိုရင် ရပါတယ်။ အိမ်ဝယ်ဖို့ ငွေချေးခဲ့တယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မပေးနိုင်ဖြစ်လာတဲ့ အတွက် ဒီအိမ်ကို ရောင်းရပါတော့မယ်။ အရင်တုန်း ကတော့ အိမ်ဈေးက တက်နေတော့ ပြန်ရောင်းလို့ ရမယ့် ပိုက်ဆံက အကြွေးကို ကြေအောင် ဆပ်နိုင်တဲ့ အတွက် အားလုံး အဆင်ပြေပါတယ်။ အခုတော့ အိမ်ဈေးက ကျနေတော့ ရောင်းပြီး ရမယ့် ပိုက်ဆံက အိမ်ကြွေးကို ကျေအောင် မဆပ်နိုင်တော့ပါဘူး။ ဒါပေမယ့်လည်း ရောင်းရမှာ ဖြစ်နေပြီ ဖြစ်တဲ့ အတွက် ဘဏ်ရဲ့ ခွင့်ပြုချက်ကို ရယူရပါတယ်။ ဘဏ်ချေးငွေက တခုတည်း ဆိုရင် ခွင့်ပြုချက် ရဖို့က လွယ်ပါတယ်။ ချေးငွေက နှစ်ခုနဲ့ အထက် ဖြစ်လာရင်တော့ ခွင့်ပြုချက် ရဖို့ ၂လ မှ တနှစ်အထိ ကြာတတ်ပါတယ်။ ချေးငွေ နှစ်ခုစလုံးက ဘဏ်တခုတည်း ဆိုရင် လွယ်မယ်လို့ ထင်ရပေမယ့် ဌာနခွဲများ မတူခြင်းဆိုတဲ့ အချက်က ခွင့်ပြုချက် ရဖို့ အလွန်ပဲ ကြာတတ်ပါတယ်။ ချေးငွေ နှစ်ခုအတွက် ဘဏ် နှစ်ခုနဲ့ ဆက်သွယ်ရရင်လည်း တမျိုး ခက်တာပါပဲ။ ဘဏ် အမျိုးမျိုး၊ လုပ်ငန်း ဆောင်ရွက်ပုံ အဖုံဖုံကြောင့် မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေ ဖြစ်ပေါ်လာပြီး မဖြစ်သင့် တာတွေ ဈေးကွက်ထဲမှာ ဖြစ်နေပါတယ်။ Short sale ကို တာဝန်ယူရတဲ့ ပွဲစားက လုပ်တတ် ကိုင်တတ် ရှိပြီး ဘဏ်နဲ့ လိုအပ်တဲ့ ဆက်သွယ်မှု လုပ်ထားခဲ့၊ စာရွက်စာတမ်း များကိုလည်း ပြင်ဆင်ထား နိုင်ခဲ့ရင် အောင်မြင်တဲ့ short sale ဖြစ်မှာပါ။ ဒါမှ မဟုတ်ရင်တော့ Foreclosed ဖြစ်ရ တော့မှာပါ။ ပွဲစား တယောက် အနေနဲ့ short sale ကို ကိုင်တွယ်ရတာ အချိန်ကုန် လူပန်း ဖြစ်ဖို့ အခွင့်အလမ်း များတဲ့အတွက် ရှောင်နိုင်သ၍ ရှောင်ဖို့ ကြိုးစားပါတယ်။

Foreclosure ဆိုတာကတော့ ဘဏ်ပိုင် အိမ်များကို ဆိုလိုပါတယ်။ မြန်မာပြည်မှာ ချစ်တီးများ မိုးကောင်း ခဲ့စဉ်က အကြွေး မပေးနိုင်လို့ အိမ်သိမ်း၊ မြေသိမ်း၊ လူသိမ်း ခံခဲ့ရတဲ့ အဖြစ်အပျက် တွေဟာ foreclosure ပါပဲ။ Foreclosure ဖြစ်ပြီ ဆိုရင် အိမ်သိမ်းခံရတဲ့ သူမှာ credit ပျက်ရတဲ့ အပြင် အလုပ် အသစ် ရဖို့၊ အိမ်ငှားနေဖို့၊ ပိုက်ဆံ ထပ်ချေးငှား နိုင်ဖို့ အလွန်ပဲ ခက်ခဲသွားပါတယ်။ ဘဏ်ဖက် ကလည်း တရားဝင် အိမ်ပြန်သိမ်းခြင်း၊ လေလံပစ်ရခြင်း စတာတွေကြောင့် အချိန်တွေ၊ အပို စရိတ်တွေ တတ်လာပြီး အရှုံး ကြီးပါတယ်။ တချို့ ဘဏ်များက short sale ကို ခွင့်မပြုပဲ foreclose လုပ်ဖို့ ကြိုးစား ကြပါတယ်။ အရင်ခေတ် အတွေ့အကြုံများအရ လေလံ ပစ်ခြင်းက ဘဏ်များအတွက် အကျိုးအမြတ် များလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အချိန်များက ကုန်လွန်ခဲ့ပြီ ဆိုတာကို ဘဏ်ကို ထောက်ကန် ထားတဲ့ ရင်းနှီးမြုပ်နှံသူ များက သေချာ မသိသေးပါဘူး။ သူတို့ရဲ့ အာဘော်၊ ခံယူချက်၊ ခွင့်ပြုချက်များနဲ့ ရပ်တည်ထားတဲ့ ဘဏ်တချို့ဟာ ဈေးကွက် ပြောင်းလဲမှု အတိုင်း အလိုက်သင့် မပြောင်းလဲနိုင်တဲ့အတွက် အရှုံးပေါ်ပြီး ဒေ၀ါလီ ခံသွား ရတာတွေ ရှိနေပါပြီ။ လက်ရှိ ဈေးကွက်ထဲမှာ ရှိနေတဲ့၊ လုပ်ကိုင်နေဆဲ ဖြစ်တဲ့ ဘဏ်များကတော့ ဈေးကွက်အလိုက် ပြောင်းလဲမှုတွေ လုပ်လာတာကို တွေ့နေရပါတယ်။

တချို့ အခွင့်အရေး ယူတတ်တဲ့ အိမ်ပိုင်ရှင်များကြောင့်လည်း ဘဏ်တွေက ဆက်ဆံရေး ကျဲရတယ်လို့ ထင်ပါတယ်။ Short sale approval တောင်းနေတဲ့ ကာလ၊ အိမ်ကို သိမ်းဖို့ foreclosure notice ပို့ခြင်း၊ ရဲဌာနမှ အိမ်ပေါ်မှ ဆင်းရန် စာ လာကပ်ခြင်း စတဲ့ လုပ်ငန်း ဆောင်ရွက်ချက် အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ အိမ်ပေါ်မှ ဆင်းရတာ ဆိုတော့ တချို့က အိမ်လခ မပေးရပဲ ၆လ မှ တနှစ် အထိ အလကား နေရအောင် အခွင့်အရေး ယူတာတွေ ရှိပါတယ်။

ဒါမျိုးတွေ မကြုံတွေ့ ရအောင် ဘယ်လို လုပ်နိုင်ပါလဲ။ ဖြစ်သွားပြီးတဲ့ ကိစ္စများကိုတော့ ကာကွယ်ဖို့ ကုစားဖို့ မလွယ်တော့ပါဘူး။ မဖြစ်အောင်ပဲ ကြိုတင် ပြင်ဆင်နိုင်တာပါ။ အခုဆိုရင် ဘဏ်များကလည်း ငွေချေးငှားတဲ့ သူများကို အထူး စိစစ်ပြီးမှ ပိုက်ဆံ ချေးပါတော့တယ်။ အိမ် ၀ယ်မည့်သူများကလည်း ကိုယ် တကယ် ပေးနိုင်တဲ့ လစဉ် စရိတ် နဲ့ ကိုက်ညီတဲ့ အိမ်များကိုသာ စဉ်းစား ၀ယ်ယူမယ်ဆိုရင် အဲဒီလို အဖြစ်မျိုးမှ ရှောင်နိုင်ပါမယ်။ အဲဒီ လုပ်ငန်း ၀န်ဆောင်မှုကို အိမ်ပွဲစားများ၊ loan officer များက ကူညီနိုင်ပါတယ်။ အလုပ်ဖြစ် ပြီးရော ဆိုတဲ့ ခံယူချက် ရှိတဲ့ ပွဲစားတချို့၊ loan officer တချို့ကြောင့် တခြား သူများကို တတန်းစားတည်း မသတ်မှတ်ဖို့ တောင်းဆိုချင်ပါတယ်။ အသိ မိတ်ဆွေ ခင်မင်သူများမှ တဆင့် ကောင်းသော၊ တော်သော လုပ်ငန်း ၀န်ဆောင်မှု ပေးနိုင်သူများကိုသာ ရှာဖွေ ဆက်ဆံဖို့ တိုက်တွန်းလိုက်ပါတယ်။

မရှင်းတဲ့ အချက်များ ရှိခဲ့ပါကလည်း ကျွန်တော့ Lay@AskLay.com ထံ အချိန်မရွေး မေးမြန်း နိုင်ပါတယ်။


ဆက်ရန် ....

Trackbacks

Ainmat.com အိပ်မက်များ on : ကျွန်တော် အိမ်ပွဲစား (၅)

Show preview
အမေရိကားမှာ အိမ်ခြံမြေ ရင်းနှီး မြုပ်နှံမယ် ဆိုရင်......ကျွန်တော် အိမ်ပွဲစား (၅) အမေရိကားမှာ အိá

Comments

Display comments as Linear | Threaded

မိုက်မိုက် on :

အရမ်းကောင်းပါတယ်၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတွေ လေ့လာချင်နေတာ ကြာပါပြီ အခုလို ရေးပေးတာ ကျေးဇူးပါပဲ

တပြည်သူ on :

ကိုညီညီစာပြန်ရေးလို့ ၀မ်းသာ၏း)

အိမ့်ချမ်းမြေ့

byakga on :

တန်ဖိုးရှိလှပါပေတယ်ဗျာ။ ကျေးဇူးပါပဲ။

မေ၁၅ on :

US$တွေ ဈေးကျနေတာတော့သိတယ်။ ဘာကြောင့်မှန်းမသိတာ အခုမှပဲ သိတော့တယ်။ သတင်းလည်း မကြည့်ဖြစ်နဲ့။

Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.

The author does not allow comments to this entry

Add Comment

BBCode format allowed
Standard emoticons like :-) and ;-) are converted to images.
E-Mail addresses will not be displayed and will only be used for E-Mail notifications.
Form options