Skip to content

သာလွန်းခဲ့တယ်….

အသက်အရွယ်က စကားပြောလာတာကြောင့်ရယ်..
နွေနေ့လည်ခင်းတွေ သစ်ပင်ပေါ်မှာ မောင်နှစ်မတွေနဲ့ ကစားတတ်တဲ့အခါမှာ အိမ်ရှေ့လမ်းပေါ်မှာ လေးဘီးကားလေးမောင်းလို့ သူ ဖြတ်ဖြတ်သွားတတ်တယ်…။ တစ်ခါတစ်ရံ သူ့ကားလေး ဖြတ်မောင်းသွားတဲ့ အခါတွေမှာ ကိုယ်တို့တွေကတော့ စိတ်လှုပ်ရှားမှုမဲ့စွာ သတိတောင် မထားမိတဲ့ အခါတွေရှိပါတယ်။ ညနေစောင်းတွေဆိုရင်တော့ သူ့ရဲ့ သီချင်းသံတွေဟာ လက်ဘက်ရည်ဆိုင်တွေမှ တဆင့် မြေနီလမ်းတွေပေါ်ကို ဖိတ်စဉ် ကျလာတတ်တယ်။ အဲဒီတုန်းကလဲ သူ့သီချင်းသံတွေကို ဘာမှ ခံစားလို့ မရခဲ့ဘူး…။ ကြိုးစားပြီး လိုက်ဆိုကြည့်သေးတယ်..။ အတည်ပေါက်လိုက် ဆိုရင်းနဲ့ သူ့ရဲ့ ဂန္တ၀င်သီချင်း တစ်ပုဒ်ဆိုရင် အသံမထိန်းနိုင်တဲ့ မောင်နှစ်မတွေကြားမှာ စိတ်ပျက်စရာကောင်းသွားတတ်တယ်..။

ဒီလိုနဲ့….
တက္ကသိုလ်တက်စ နှစ်တွေမှာ သူ့သီချင်း၊ စာသားတွေနဲ့ ပတ်သက်လို့ သူငယ်ချင်းယောင်္ကျားလေးတွေနဲ့ စကားအခြေအတင်ငြင်းခုံ ခဲ့ကြဖူးတယ်..။ သူ့ သီချင်းတွေကို ဘယ်လိုမှ ခံစားလို့ မရတဲ့ ကိုယ့်ကို သူငယ်ချင်းယောင်္ကျားလေးတွေက ဝေဖန်ကြတယ်လေ။ “အဲဒါကမှ အနှစ်တွေ၊ စာသားတွေကို ခံစားကြည့်လိုက်” လို့ ခံစားချက်အပြည့်နဲ့ ပြောဆိုနေတဲ့ သူငယ်ချင်းတွေကို မျက်လုံးပြူးပြီး ကြည့်နေလိုက်တယ်။

နူးညံ့ယဉ်ကျေးတဲ့ စာသားတွေနဲ့ အလှမ်းကွာဝေးသွားတာရယ်.. အသက်အရွယ်က စကားပြောလာတာကြောင့်ရယ်.. နှစ်တွေကြာလာတာနဲ့ အမျှ သူ့သီချင်းတွေဟာ နားထဲမှာ ညင်ညင်သာသာ စီးဆင်းစပြုလာတယ်…။

“အိမ်နဘေးက သစ်ပင်မှာ.. ငှက်ဆိုးထိုးသံတွေ….” ဆိုတဲ့ တေးသွားတွေ၊ “မင်းပန်မယ်ဆိုရင်.. ကိုယ်ခူးပေးပါ့မယ် အချစ်ရယ်.. ဒါပေမယ့် ဒီပန်းကို မင်းတန်ဖိုးထားရမယ်..” ဆိုတဲ့ သံစဉ်တွေဟာ..
“ပချုပ်ဆိုင်ပြူတင်းက ခန်းစီးစ မ လို့ကြည့်လိုက်ရင်… ” ဆိုတဲ့ တေးသွားတွေလိုပဲ ကိုယ့်ရင်ကို ကိုင်လှုပ်တတ်လာတယ်..။ “ကိုယ့်ရင်ဟာ ဘယ်သို့ရှိမယ် မင်းသိနိုင်မလား..ဟင်” ဆိုသလိုပဲ ကျန်သူတွေတော့မသိဘူး ဒီကိုယ်ပိုင်သံစဉ်တေးသွားတွေရဲ့ တန်ဖိုးကြီးမားမှု၊ လှပဆန်းကျယ်နက်နဲမှု၊ တီထွင်နိုင်မှုပြယုဒ်တွေဟာ သီချင်းနားထောင်နေတဲ့ ကိုယ့်ရင်ကိုတော့ ဆွဲကိုင်လှုပ်တတ်လာတယ်။

တစ်ကယ်တော့ သီချင်းရေးသူတွေဟာလဲ သီချင်းဆိုသူတွေလောက် အသိအမှတ်ပြုခြင်း မခံရရှာပါဘူး။ ရေးထားတဲ့ သီချင်းလေးတွေကိုလဲ ခံစားချက်နဲ့ ပီပြင်အောင် ဆိုနိုင်တဲ့လူလဲ ရှားမှာပါပဲ။ သူကတော့ သူသီဆိုတဲ့သီချင်းတွေကို ခံစားရေးထားသူရဲ့ သီချင်းရေးဆရာရဲ့ ပွင့်အန်ချက်တွေကို မမှေးမှိန်စေပဲ ပိုမိုတောက်လက်လာအောင်ဆိုနိုင်ခဲ့သူ အနုပညာရှင်တစ်ယောက်လို့ ကိုယ်ယူဆမိပါတယ်..။

အရင်ညကတော့ သာလွန်းခဲ့တယ်….
အရင်ညကတော့ သာလွန်းခဲ့ပါတယ်…။

(ဆရာထီးကွယ်လွန်သွားတဲ့အတွက် အလွန်ဝမ်းနဲကြေကွဲပါတယ်…)

(ဆရာထီးသီချင်းတွေကို လုံးဝ မနှစ်သက်ခဲ့ဖူးသော…
ဆရာထီးရဲ့ လေးဘီးကားကို သင်္ကြန်တစ်ခုတုန်းက ရေဗူဘောင်းနှင့် ပေါက်ခဲ့ဖူးသော…
xxxx လမ်းထဲက ချာတိတ်မ)

Trackbacks

No Trackbacks

Comments

Display comments as Linear | Threaded

မေ၁၅ on :

သူ့သီချင်းတွေကို ငယ်ငယ်လေးကတည်းက ရင်းနှီးခဲ့တာပါ။ အိမ်မှာ အဖေအမေ နဲ့ ဦးလေး အဒေါ်တွေ ခနခနဖွင့်ကြလွန်းလို့။ အသက် ၅၈နှစ်ဆိုတဲ့ အရွယ်နဲ့ လူ့သက်တမ်းတစ်ခု ပြီးဆုံးသွားပြီလား။

yaykhaenget on :

မအိမ့်ချမ်းမြေ့နဲ့ ထပ်တူ ခံစားရပါတယ်. ကိုစိုင်းထီးဆိုင်ဟာ ဂန္တ၀င်အဆိုကျော်တစ်ဦးပါပဲ. မေမြို့မိုး၊ အချစ်ထောင်၊ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး စတဲ့ သီချင်းစာသားလေးတွေက ကျွန်တော်တို့ရဲ့ ရင်ကို အခုချိန်ထိ ကိုင်လှုပ်နေနိုင်ဆဲပါ.

နောက်နောင်ဘ၀တွေရှိခဲ့မယ်ဆိုရင်လည်း သူချစ်တဲ့ ဂီတနဲ့ လောကကောင်းကျိုး ဆောင်ရွက်နိုင်ပါစေလေ...

Only registered users may post comments here. Get your own account here and then log into this blog. Your browser must support cookies.

The author does not allow comments to this entry

Add Comment

BBCode format allowed
Standard emoticons like :-) and ;-) are converted to images.
E-Mail addresses will not be displayed and will only be used for E-Mail notifications.
Form options